Tuesday, January 26, 2010

သင့်လောက်ကံမကောင်းသူကို ကူညီပါ



သင်သည် သင့်ကံကိုဝေမျှပေးသင့်သည် ။ တစ်စုံတစ်ဦးကသင့်ကို တစ်သျှီလင်ပေးလျှင် ကလေးငယ် တစ်ယောက်ကို နှစ်ပဲနီပေးလိုက်ပါ။ တကယ်လို့ မြင်းလောင်းလို့ ငါးပေါင်နိုင်လျှင် သင့်ညီမကို တစ်သျှီလင် ပေးလိုက်ပါ။ ထိုသို့မျှဝေမှုပြုသင့်သည်။
ထိုသို့ မျှဝေပေးကမ်းခြင်းသည် သင်အတွက်ပင်ဖြစ်သည်။ နိဗ္ဗန်ရောက်အောင် စရံသက်ခြင်းလည်းမဟုတ်၊ ငရဲမကျအောင် လာဘ်ထိုးမှုတစ်ရပ်လည်း မဟုတ်ချေ။ အောင်မြင်မှုနှင့်စိတ်ချမ်းမြေ့မှုနှစ်ရပ်လုံး ရရှိနိုင်သော တစ်ခုတည်းသောနည်းပင် ဖြစ်သည်။
ပထမလေ့လာဆည်းပူပါ ။ ထိုနောက် သင်ကြားပို့ချ ပေးပါ။ ပထမပိုင်ဆိုင်ရယူ နိုင်အောင် ကြိုးစားပါ။ ထိုနောက့်ပေးကမ်းမျှဝေလှူဒါန်းမှု ပြုပါ။
၎င်းသည် ဘ၀၏ ဥပဒေတစ်ရပ်ပင်ဖြစ်သည်။လူ့သဘာဝ၏ နိယာမပင်ဖြစ်သည်။ ထိုအချက်သည် ဥပဒေပြု ပုဂ္ဂိုလ်များ ပြောင်းလဲစေနိုင်ခြင်း မရှိသော နိယာမအချက်ပင်ဖြစ်သည်။
အန်ဒြူးကာနေဂျီကဲ့သို့ ပေါင်သန်းခြောက်ဆယ်မျှကို ပေးကမ်းလှူဒါန်းပစ်နိုင်သူ ရှားပါးလှသည်။ တကယ်ဆိုလျှင် လူတိုင်းလူတိုင်းသည် တစ်နေ့တာကာလ၏ မိနစ်နှစ်ဆယ်မျှကို ပေးကမ်း လှူဒါန်းနိုင်ပါသည်။ လူတိုင်းလူတိုင်းသည် တစ်ယောက်ကို တစ်ယောက် ကူညီနိုင်သည်။
အဓိကအချက်မှာ သင်သည် ချက်ချင်းလက်ငင်းပင် ခေါင်းဆောင်တစ်ဦး ဆရာသမားတစ်ဦး ဖြစ်ရန် လိုအပ်သည်။ သင်အလွန်အမင်း် ချမ်းသာကြွယ်ဝ လျှင် အလွန်အမင်ပညာရှိသည့် အချိန်အထိ စောင့်ဆိုင်းနေရန် မလိုချေ။ ချက်ချင်း အထက်ပါ အကြံပေးစကားအတိုင်း လက်ရှိအချေအနေတွင် ပြုလုပ်နိုင်ပါသည်။
သင့်လက်ထဲတွင် ပေါင်တစ်ရာရှိလျက် မည်သူကိုမျှ ပေးကမ်းကူညီခြင်းမပြုပါလျှင် ပေါင်တစ်သန်းမျှ ပိုင်ဆိုင်သော အခါတွင်လည်း သင်မည်သူကိုမျှ ပေးကမ်းလှူဒါန်းကူညီမည်မဟုတ်ချေ။
အတိအကျဆိုရလျှင် ချမ်းသာသူများ ပေးကမ်းလှူဒါန်းသည့် ငွေကြေးပမာဏထက် ဆင်းရဲသားများ ပေးကမ်းလှူဒါန်းသည့် ငွေကြေးပမာဏရာခိုင်နှုန်းက ပိုပြီးများပြားသည်။ ဆင်းရဲသားများသည် ချမ်းသာသူများ ထက် တစ်ယောက်ကိုတစ်ယောက်ပိုပြီး ကူညီသည်။ ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ဖူးသူတိုင်း ထိုအချက်ကိုသိသည်။
စိတ်ပိုင်း၊ စာရိတ္တပိုင်းနှင့် ရုပ်ပိုင်းကျမ်းမာရေးအပိုင်းတို့သည် စွမ်းအင်ဝင်၊ စွမ်းအင်ထွက်နိယာမကို လိုက်နာသကဲသို့ပင် ငွေကြေးအ၀င်အထွက် ဆီလျှော်ညီညွတ်ရန် ပေးကမ်းမှုပြုပါ။
စာနာထောက်ထားမှုနှင့် ဓနအင်းအားသည် ဒွန်တွဲသွားရသည် ။ ထိုအချက်ကို သတိပြုသင့်သည် ။ ထိုသို့ ဒွန်တွဲမှုမရှိလျှင် အကျိုးမဲ့မှုသာကြုံရမည်။ထီးစွန့်နန်းစွန့်အမုန်းခံပြီးပြည်ပရောက်သွားသော ကိုင်ဇာဘုရင်
အဖြစ်ကြုံရပေမည်။
သင်၏ပညာနှင့်ဥစ္စာဓနများ တဖြည်းဖြည်းခိုင်မာကြွယ်ဝလာချိန်တွင် သင့်စိတ်နှလုံးကို နူးနူးညံ့ညံ့ ထားနိုင်ပါလျှင် သင်၏အောင်မြင်မှုသည် သင့်ကိုဒုက္ခပေးမည် မဟုတ်ချေ။
သို့သော် သင်သည် ကင်းထောက်လူငယ်၏ စိတ်ဓာတ်မျိုး အမြဲဆောင်ပြီး နေ့စဉ်နေ့တိုင်းပင်ကောင်း ကောင်းမှုတစ်ခုခု ပြုလုပ်နိုင်ပါလျှင် သင့်အတွက် ရန်သူနည်းပြီး၊ လိုလားသူများလာလိမ့်မည်။
သင်၏လုပ်သက်အစတွင် သင့်ကိုယ်သင် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား မေးမြန်းသင့်သော မေးခွန်းမှာ- "ငါသည်ပညာဥာဏ်ဥစ္စာ စည်းစိမ်သြဇာ အာဏာတို့နှင့် ထိုက်တန်သူဟုတ်ပါ၇ဲ့လား၊ ထိုသို့ပညာ သြဇာ၊ စည်းစိမ်အာဏာ ရှိလာသောအခါတွင် ငါသည် သဘောသက္ကာယကောင်းမွန်သော နတ်တမန် ဖြစ်မည် လား၊ ဆိုးရွားလှသောဘီလူးသဘက် ဖြစ်မည်လား၊ ငါ၏အကောင်းမြင်စိတ်ကို ဖွံ့ဖြိုးစေမည်လား ၊ ငါ့ကိုယ်ငါ ကမ္ဘာ၏ အန္တရာယ်ကြီး တစ်ခုဖြစ်စေမည်လား" ဟုပင်ဖြစ်သည်။
အောင်မြင်မှုသည် အင်မတန်ကြောက်စရာကောင်း၏ ။ ထိုအချက်ကို ဒွိဟပွားပါလျှင် သူဌေးသူကြွယ်တို့ စုဝေးသော ကလပ်တစ်ခုသို့သွားလျှင် မာကြောခတ်ထန်သော မျက်နှာများကိုကြည့်ပါ ။ထိုသူတို့၏ ပါးလွှာ သော နှုတ်ခမ်းများ မာကြောသော မျက်နှာများကိုကြည့်ပါ။
အိမ်တစ်အိမ်၏ ပျော်ရွှင်ချမ်းမြေ့စရာ အချက်များ အကြင်နာတရား၊ မေတ္တာတရားခေါင်းပါးနေကြသော သူကြွယ်ကြီးမျာ အိမ်ကိုကြည့်ပါ။
ဖခင်ဖြစ်သူသည် ငွေအကြောင်းသာ စဉ်းစားသည်။ မအေဖြစ်သူသည် ခေတ်မီဖက်ရှင်ဆင်ယင်ရေးကိုသာ စဉ်းစားသည်။ ကလေးများ အားကစားနည်းပေါင်းစုံ ကစားရန်သာကြံဆတွေးတောနေတတ်သည်။တစ်ယောက်ကို တစ်ယောက် သံယောဇဉ်မရှိ အေါ်ရးမထားကြချေ ။ ကမ္ဘာတစ်လွှားသူကြွယ်တို့အိမ်ကြီးများတွင်းမှာလည်း ထိုသို့ပင်ကျီးအာသီးအသွင် ပေါက်နေသည်။
ထိုသို့သော အိမ်များတွင် ကလေးများပျက်စီးလေ့ရှိသည်။ နောက်ဆုံးတွင် ထိုကလေးများသည်မိဖများ ခေါင်းမှ ထိုအိမ်ထောင်စုတည်းဟူသော အသိုက်အမြုံကို ခပ်လွယ်လွယ် ဖြိုကွဲပစ်လိုက်ကြလေတော့သည်။
ကလေးများသည် တာဝန်မဲ့ကြီးပြင်းလာကြရသည်။ အစေခံများ၏ အလုပ်အကျွေးပြုစုမှုကို တစိုက်မတ် မတ် ပြုလုပ်ပေးခြင်းကို ခံယူပြီးအ၇ည်အချင်းမဲ့လာကြသည်။ လူတို့၏ အကျိုးကိုဆောင်ရွက်ရကောင်းမှန်း မသိတတ်၊သင်ကြားနားမလည်တတ်ကြချေ။ သူတစ်ပါးကို ကူညီရကောင်းမှန်းနားမလည်တတ်ကြချေ။ နောက်ဆုံး တွင်စရိုက်ပျက်များသက်သက်ဖြစ်လာကြသည်။လူတို့၏အကျိုးကိုဆောင်ရွက်ရကောင်းမှန်းနားမလည်တတ်ကြ
ချေ။နောက်ဆုံးတွင်စရိုက်ပျက်များ သက်သက်ဖြစ်လာကြရသည်။
အရင်းရှင်များသည်ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ စာနာထောက်ထားမှုဆုံးရှုံးရလေ့ရှိသောကြောင့်
လူတို့၏မနှစ်မြို့မှုကို ခံရသည်မှာ မဆန်းချေ။
အန်ဒြူးကာနေဂျီ က တစ်ချိန်ကပြောခဲ့ဖူးသည်။ ရယ်မောလေ့ရှိသော သန်းကြွယ်သူဋ္ဌေးများအင်မတန်ရှား
ပါလှသည် ။ ထိုသူတို့သည် ငွေရှာမှုခရီးစဉ်တွင် ပျော်ရွှင်မှု၊ ကြင်နာမှုကို စတေးဆုံးရှုံးရသည်။
လောကကြီးအပေါ် အမြင်မမှန်ခြင်း အတ္တသာကြီးထွားနေခြင်းတို့ကို ရှောင်ရှားကာ မိမိ၏ စည်းစိမ်
ချမ်းသာတိုးပွား လာသည်နှင့်အမျှ မိတ်ဆွေ များကို ခိုင်ခိုင်မြဲမြဲ ဆက်လက်ဖက်တွယ်ထားပြီး လူပီသစွာ
ချမ်းသာကြွယ်ဝနိုင်အောင်ကြိုးစားရန်လိုအပ်ပါသည်။
မိမိထက်နိမ့်သော လူတစ်ယောက်ကြိုးစားပမ်းစားတက်လာသည့်အဖြစ်ကို တွေ့ပါလျှင် ထိုသူကို လက်
ကမ်းခေါ်ရမည်။ သို့သော် အကူအညီမဲ့သူနှင့် ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေသူတို့ကိုသာ ကူညီသင့်သည်။ ထို
လူသားနှစ်မျိုးမှလွဲပြီး အခြားလူစားများကို ကူညီရန်မလိုချေ။
ပျင်းရိနေသူများ ၊ အချိန်ဖြုန်းနေသူများ ၊ ညည်းတွားနေသူများ ၊ရေသာခို လိုက်ချင်နေသူများကို မည်သည့်နည်းနှင့်မျှ မကူညီသင့်ပေ။ မထိုက်တန်သောသူများကို ကူညီရန်မလိုချေ။
သို့သော် သာမာန်လူအများစုသည် စိတ်ဓာတ်မှန်ကန်တတ်ကြပြီး ကူညီ သင့်သူများဖြစ်သည်။ ထောင်ပေါင်းများစွာသောလူများသည် ကိုယ့်လမ်းကို ပြေပြေပြစ်ပြစ် လျှောက်နိုင်ရန်အတွက် အနည်းအပါးသာ
အကူအညီလိုအပ်သူများဖြစ်သည်။
နှလုံးသားကို နွေးနွေးထွေးထွေးထားပါ ။ အကူအညီ ပေးပါ ။ ကျေးဇူးသိတတ်မှုကို ပြန်လည်မမျှော်လင့်
ပါနှင့်။ သိတတ်မှုအနည်းအပါးသာ ရကောင်းရမည်။ များများစားစားမရနိုင်ပါ။
လူတစ်ယောက်၏ အခက်အခဲ ကို ကျော်လွှားနိုင်အောင် အကူအညီပေးလိုက်လျှင် မကြာမီ သင့်ကျေးဇူးကို မေ့လျှော့သွားတတ်သည် ။ ထိုသို့မေ့လျှော့သွားလည်း ဘာဖြစ်မည်နည်း။ သင်သည် သူ့ကို ကောင်းမှု ပြုခဲ့ချေပြီ။ ထိုလုပ်ရပ်သည် အင်မတန်ကောင်းသောလုပ်ရပ်မဟုတ်ပါလား ။
ရယူခြင်းထက်ပေးဆပ်ခြင်းက ပိုပြီး မြတ်သည်။ ငွေအနည်းအပါး ကို မျှဝေခြင်းမပြုပါလျှင် ငွေ၏တန်ဖိုး
တွင် မည်သို့တန်းဖိုးရှိပါမည်နည်း။ ထပ်ဆင့်သင်ကြားပို့ချမှု မပြုပါလျှင် အသိပညာ သည် ကာလရှည်ကြာစွာ
မည်သို့ အကျိုးရှိမည်နည်း။ တစ်ပါးသူကို ကူညီ ပံ့ပိုးမှု မပြုပါလျှင် အင်အားရှိနေခြင်းသည် အပိုပင်ဖြစ်မည်။
လူသားထုသည် ကြိုးမျှင်တိုလေးပေါင်းများစွာကျစ်ထားသော ကြိုးတစ်ချောင်းပင်ဖြစ်သည်။ ကျနော်တို့အားလုံးသည် ကြိုးတစ်မျှင်စီသာဖြစ်သည်။ ကြိုးတစ်ချောင်းကို မည်သည့်အချက်က ခိုင်ခံ့စေသနည်း။
တင်းတင်းကျစ်ထားသော ကြိုးမျှင်ရှည်များပင်ဖြစ်သည်။ သင်သည် ကြိုးမျှင်ရှည်ကြီးတစ်ချောင်းဖြစ်နေပြီး သင်၏
လောက အဖော်ကြိုးမျှင် သေးများနှင့် တင်းတင်းရစ်နေပါလျှင် သင်သည် လူသားထုကြိုးကို ပိုပြီး ခိုင်ခန့်အောင်
ဆောင်ရွက်နိုင်သည် ။
အကယ်လို့ သင်သည် မကျစ်ထားသော ကြိုးတိုတစ်မျှင်သာဖြစ်နေလျှင် လေနှင့်လွှင့်ပါပြီး အမှိုက်ပုံထဲ
ရောက်ရန်သာရှိသည် ။
ကူညီပါ ။ သင်ကြားပို့ချပေးပါ ။ ပေးကမ်းစွန့်ကြဲပါ ။ မေတ္တာထားနိုင်ခြင်းကာ လူပီသခြင်းပင်ဖြစ်သည်။
ကရုဏာထားနိုင်ခြင်းကား ဘုရား၏ အလိုတော်အတိုင်းပင်ဖြစ်ပါသည်။
မှတ်ချက် ။။ ဆရာဦးမိုးမြင့် B.Sc ၏ လူ့ဘ၀၏ အောင်မြင်ခြင်းနှင့်ပျော်ရွှင်ခြင်းစာအုပ်မှ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်တွင်းအတိုက်အခံအင်အားစုများ၏လှုပ်ရှားမှုများ

January 2010

Monday, January 25, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုလွတ်မည်ဆိုခြင်းမှာတရားမဝင်ဟုအန်အယ်ဒီပြောကြား


ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)

ရင်းမြစ်..မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က အမေရိကန်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် ကြာသာပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်လွင်က ပြောသည်။

“အခု လာနားထောင် နေတဲ့ သူတွေထဲမှာ NLD ပါဝင်ကောင်း ပါဝင်လိမ့်မယ်၊ နားထောင် သွားကြလို့ ပြောတယ်။ NLDက ရွေး ကောက်ပွဲ ၀င်ချင်လည်း ၀င်နိုင်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသည့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း လာမည့်ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဟု ပြောဆိုကြောင်း သိရသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး အပြီး အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။

“မန္တလေးက ပြန်လာကတည်းကကြားတယ်၊ အပြစ်မရှိဘဲ ဖမ်းဆီးထားတဲ့သူကို လွှတ်ပေးတာဝမ်းသာတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မတိုင်မီ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးရန်လိုအပ်ကြောင်း၊သို့သော် နိုဝင်ဘာလ ဆိုသည်မှာလည်း ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားချိန်ဖြစ်မည်ဟု ထင်မြင်ကြောင်း ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လက နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောအား လက်ခံထားသည့်အမှုဖြင့် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ထားခြင်းဖြစ်သည်။ အဆိုပါ နေအိမ် အကျယ်ချုပ်သက်တမ်းကို မေလမှ စတင်သတ်မှတ်ရာ နိုဝင်ဘာလတွင် သက်တမ်းပြည့်မည်ဖြစ်သည်။

မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပလိမ့် မည်ဟု ရေးသားထားသည်။

မူရင်း။ ။ http://www.irrawaddy.org/bur/index.php/news/1-news/2474-2010-01-25-07-21-20

ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ


အခုတလော ဗုဒ္ဓ ဘာသာကို စော်ကားနေတဲ့ ဘလော့တစ်ခု ကြောင့် ကျနော်တို့ ဘာသာဟာ ကမ္ဘာ့ ပညာရှင်တွေရဲ့ အမြင်မှာ ဘယ်လိုရှိလဲ ဆိုတာသိရအောင် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်.....
ပါရမီတော်အစုအဝေး
ဗုဒ္ဓဟူသည် ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည် ပါရမီတော်များ၏ အစုအဝေးဖြစ်သည်။ အောင်မြင် ထူးခြားသည်က သာသနာပြု သက်တမ်း ၄၅-နှစ် တာအတွင်း သူ့(ဟောပြောချက်) စကားလုံးအားလုံးကို လုပ်ငန်း အသွင်သို့ ပြောင်းလဲစေခဲ့သည်။ (သက်ဝင်လှုပ်ရှားစေခဲ့သည်) လူ့သမာဓိအားနည်းမှု (သို့မဟုတ်) ယုတ်ညံ့ သည့်တပ်မက်မှုကို ထွက်ပေါက်ပေးသည့် နေရာမရှိပေ ။ ဗုဒ္ဓ၏လူမှုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း (ဂီဟိဝိနယ) သည် ကမ္ဘာကပင် သိရှိထားသည့် အပြည်စုံဆုံး စည်းမျဉ်းဖြစ်သည်။
( ဂျာမန်ပညာရှင် ပါမောက္ခ မက်ခ်စ်မူလာ)
အမြင့်မြတ်ဆုံးလူသား
လူသားထုတစ်ရပ်လုံးတွင် အမြင့်မြတ်ဆုံးလူသားကို တွေ့မြင်လိုပါက ဖုန်းတောင်းယာစကာအ၀တ်အဆင် နှင့်ရှင်ဘုရင်တစ်ပါးကို ရှုကြည့် လိုက်ပါ။ သူသည် လူသားထု အတွင်းတွင် အမြင့်မားဆုံး စွန့်လွှတ်နိုင်သူ ဖြစ်သည်။
( မူစလင်ကဗျာဆရာ အဗ္ဗဒူအတဟိယ)
ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့် အရာတစ်ခု ရှိပြီးဖြစ်သည်။ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်လုံး ရင်ကိုအေးမြစေသည် ။လူမှုဒုက္ခ သူက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေး ဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပိုပြီးလိုအပ် ပေသည်။ (နေရူး)
သမားတော် ဗုဒ္ဓ
ဗုဒ္ဓသည် သမားတော်တစ်ဦးနှင့်တူ၏။ သမားတော်သည် ရောဂါအမျိုးမျိုး၏ လက္ခဏာ၊ ရောဂါဇစ်မြစ်၊ ကုသရန် ဆေးဝါးနှင့် အသုံးချပုံတို့ကို သိသကဲ့သို့ ဗုဒ္ဓသည် ဆင်းရဲဒုက္ခ အဆင့်ဆင့်၊ ဒုက္ခ၏မူလဘူတ အကြာင်း၊ (သမုဒယ) ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဟူသော အရိယသစ္စာ ၄-ပါးကိုဟောကြားတော် မူခဲ့သည်။ (ဒေါက်တာအက်ဒွပ်ကွန်ဇ်)
တောက်ပသည့် နေတစ်ဆူ
ကျူးကျော်တိုက်ခိုက်ခြင်း ၊ အမျက်သိုခြင်း၊ အကြမ်းဖက်ခြင်းတို့ လွှမ်းမိုးနေသည့် ဒီကမ္ဘာဝယ် ဗုဒ္ဓ၏အဆုံး အမသည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် နေတစ်ဆူကဲ့သို့ တောက်ပနေပေသည်။ ဗုဒ္ဓ၏အဆုံး အမတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ဟိုက်ဒရိုဂျင်ဗုံးများရှိနေသည်ထက်ပိုပြီး လိုအပ်သောအချိန် ဖြစ်သည်။ ထိုအဆုံးအမ၏မှန်ကန်မှုသည် နှစ်ပေါင်း ၂၅၀၀- အထိ သက်တမ်းရျည်ရှင်သန်နေခဲ့သည်။ ထာဝစဉ် တည်မြဲသည့် အဆုံးအမကို နှလုံးမူလျက် ယင်းဒေသနာတော် အလင်းရောင်ဖြင့် ကျွန်ုပ်တို့၏ အတွေးအကြံ အပြုအမူများကို ပြုပြင်ကြပါစို့။ အနုမြူခေတ်၏ အမှားများကိုပင် တည်ကြည်သောသမာဓိတရားဖြင့် ရင်ဆိုင်ပြီး ဟုတ်သောအကြံ မှန်သောအလုပ်တို့ကို တိုးမြှင့်ခြင်းဖြင့်အနည်းငယ်မျှ အကူအညီရနိုင်ကောင်းပေမည်။
(နေရူး)
ဗုဒ္ဓ၏မူလဒေသနာများ
တစ်ကိုယ်ကောင်းဆန်ခြင်း၊ ငြိကပ်တွယ်တာခြင်းမှ လွတ်မြောက်သောအားဖြင့် ဂုဏ်သရေရှိမှု၊ ငြိမ်သက် တည်ကြည်မှု ၊ ကရုဏာထားမှုမည်သည့်တို့ကား အရှေ့တိုင်းဗုဒ္ဓဘာသာ၏ မူလပင်မဖြစ်သော သင်ပြချက် ဒေသနာများဖြစ်သည်။ (အီးအေ-ဘာထ်)
ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကသို့ဦးမတည်ပါ
ဗုဒ္ဓ၀ါဒသည် လောကနှင့်ဘ၀၏ တကယ့်ပကတိအဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝအတိုင်း ရှုမြင်သောဝါဒဟုဆိုရပေမည်။ ၄င်းဝါဒသည် အကြောင်းအရာ ဟူသမျှကို ယထာဘူတကျအောင် လေ့လာ သုံးသပ်သည်။ ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကတွင်မေ့လျော့ပျော်ပါးနေစေရန် မှောက်မှားသော နှစ်သိမ့်မှုကို လည်းမပေး ၊ အပြစ်များအန္တရာယ်များကို တွေးတောပြီး စိုးရိမ်သောကရောက်နေအောင် ချောက်လှန့် နှိပ်စက် မှုလည်းမပြု ။ မိမိ၏ ပကတိအစစ်အမှန်၊ ပတ်ဝန်းကျင်လောက၏ အခြေအနေအဖြစ်သနစ်အမှန်ကို အတိအကျ ယထာဘူတကျကျပြောပြပြီး လွတ်လပ်ရေးတည်ငြိမ်ရေးနှင့်ချမ်းမြေ့ပျော်ရွင်ရေးကို ရရှိနိုင်ရန် လမ်းညွှန်ပြသပေး ပေသည်။
(ဆရာတော် ဒေါက်တာ ၀ါပိုလာရာဟုလာ)
စကြာဝဠာဘာသာတရား
အနာဂတ်ဘာသာရေးသည် စကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သည့် ဘာသာတရား ဖြစ်လာလိမ့်မည်။ ပုဂ္ဂိုလ် ရေးဆိုင်ရာများကို ဖုံးကွယ်လျက် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစပ်မှုအဖြစ် စိတ်ပိုင်းဆိုင်ရာအရာအားလုံး ၏ အတွေ့အကြုံမှ ထွက်ပေါ်လာသည့် ဘာသာရေးအသိဥာဏ်ကို အခြေခံလိမ့်မည်။
(အဲလဘတ် အိန်စတိန်း)
ဗုဒ္ဓဘာသာတွင်ဟန်ဆောင်မှုမရှိ
အသိပညာအလင်းကို လွတ်မြောက်မှု၏ အနှစ်သာရ အဖြစ်အနေ ဆောင်ရွက်ပေးခြင်းသည် ဗုဒ္ဓဘာသာ၏ ဂုဏ်ကျက်သရေဖြစ်သည်။ ဗုဒ္ဓဘာသာတွင် သီလနှင့်ပညာကို တစ်ခုစီခွဲခြားလို့ မရပေ။ မြင့်မားသောဘ၀ အခြေခံကို သီလက ပြုပြင်ပေးလျှင် အသိပညာက ဘ၀ကို ပြီးပြည့်စုံစေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်၀၀နားမလည်ဘဲ လိုအပ်သည့် ၀ိပသနာပညာကို မပိုင်ဆိုင်ခဲ့လျှင် မည်သူ့ကိုမျှအမှန်တကယ် စာရိတ္တ ပြည့်ဝသူဟု မဆိုနိုင်ပေ။ ယင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာသည် အခြားဘာသာအားလုံးနှင့် ကွဲပြားသည်။ ဘုရားတစ်ဆူတည်းသာရှိ၏ဟု ယူဆကြသော ဘာသာတရားအားလုံးပင် တစ်စုံတစ်ရာသော ဟန်ဆောင်မှုဖြင့် အစပြုကြပေသည်။ ယင်းဟန်ဆောင်မှုများကို အသိပညာ တိုးတက်မှုက ဆန့်ကျင်မိသည့်အခါ ၀မ်းနည်းမှု(သောက) ဖြစ်ရပေတော့သည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည်ဟန်ဆောင်မှုဖြင့် အစမပျိုးပါ။ ကျောင်တောင်အလား ခိုင်မာသည့် အကြောင်းအရာပေါ်တါင် ရပ်တည်ပါသည် ။ ထို့ကြောင့်အသိပညာအလင်း သက်သက်ကို မည်သည့်အခါမျှ မရှောင်လွှဲနိုင်ပါပေ။ (ပါမောက္ခ လက်္ခရှ် နာရာဆု)
မှတ်ချက်။ ။ ကိုရွှေသောင်းဝင်း ၏ ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ စာအုပ်မှ တစ်ချို့ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။